Tuesday, March 31, 2020

အရေးအသားကောင်းလာစေဖို့(၂)

တစ်နှစ်လုံးနေ့တိုင်း မပျက်မကွက် ရေးရမယ်ဆိုရေးနိုင်ပါ့မလား?

HowToRap - Myanmar

             Object Writing ကို မနက်တိုင်း တနေ့(၁၀)မိနစ် ရေးသားလေ့ကျင့်ပေးမယ်ဆိုရင် အကောင်းဆုံးပါ။ တနေ့ကို (၁၀)မိနစ် စောစောထပြီး ရင်းနှီးမြှုပ်နှံလိုက်ရုံနဲ့ ရလာမယ့် အကျိုးအမြတ်က များပါတယ်။
            မနက်စောစော (ထပ်ပြောပါမယ် မနက်စောစော) ရေးဖို့လိုပါတယ်။ မရေးရသေးခင် လက်ဖက်ရည်ဆိုင် ကော်ဖီဆိုင် ထိုင်လိုက်တဲ့အခါ လူကသာ အိပ်ရာကနိုးပြီး ရေးချင်စိတ်ဟာ အေးအေးဆေးဆေး အိပ်ပျော်နေတတ်တဲ့အတွက် ရေးချင်စိတ်ကို စောစောစီးစီး နိုးလာအောင် နှိုးပြီမှ နေ့တနေ့ကို စတင်တာ ပိုကောင်းပါတယ်။ ရေးချင်စိတ်နဲ့ အတူတူ ကမ္ဘာကြီးကို ကြည့်ကြတာပေါ့။ ကိုယ်နဲ့အတူ အသင့်ရှိနေတဲ့ ရေးချင်စိတ်ဟာ ကြုံလာသမျှ အဖြစ်အပျက်တွေထဲကနေ အလင်္ကာတွေ၊ နိမိတ်ပုံတွေကို စူးစမ်းရှာဖွေနေမှာပါ။ တနေကုန် လက်လှုပ်စရာ မလိုဘဲ စာရေးကျင့်နေသလိုပါပဲ။
             ညပိုင်းမှရေးရင်တော့ ရေးချင်စိတ်က တနေကုန် ကမ္ဘာကြီးကို မမြင်ခဲ့ရဘဲ ကိုယ်တယောက်တည်း ဖြတ်သန်းခဲ့ရသလို ဖြစ်နေတဲ့အတွက် သိပ်ကို နောက်ကျသွားပါပြီ။
            (၁၀)မိနစ် မဖြစ်မနေရေးမယ်လို့ ကိုယ့်ကိုကိုယ် ကတိပေးပါ။ ကတိပေးပြီးရင်လည်း ပေးတဲ့ကတိအတိုင်း တည်နေအောင် ကြိုးစားပြီး ရေးဖို့လို့ပါတယ်။ (၁၀)မိနစ်ပဲနော် ပိုမရေးပါနဲ့။ ရေးလို့ကောင်းပြီး တနေ့တည်း နာရီဝက်လောက် ရေးလိုက်တာမျိုးလည်း မလုပ်ပါနဲ့။ နောက်နေ့လည်းကျရော ပြိုင်းပြီး (မနေ့က တော်တော်များများ ရေးလိုက်တဲ့အတွက်) ဘာရေးရမှန်းမသိ ဖြစ်တတ်ပါတယ်။ ငါနှစ်ရက်စာ ရေးခဲ့ပြီးပြီလေ နောက်နှစ်ရက်နေမှ ထပ်ရေးမယ်ဆိုပြီးလည်း ကိုယ့်ကိုကိုယ် ပြန်နှစ်သိမ့်တတ်ပါသေးတယ်။ သည်လိုဆို ရက်ဆက်လေ့ကျင့်မှု ပျက်သွားမှာပါ။ လေ့ကျင့်ခန်း ဖြစ်တဲ့အတွက် တနေ့တည်း အချိန်အကြာကြီး ရေးလိုက်တာနဲ့စာရင် သတ်မှတ်အချိန်အတိုင်း ရက်မပြတ် ရေးနိုင်ဖို့ကိုပဲ ဦးစားပေးပါ။ နေ့တိုင်း ဦးဏှောက်နဲ့လက်ကို မပြတ်သွေးနေဖို့ လိုပါတယ်။
             တဖြည်းဖြည်း လေ့ကျင့်သားရလာတဲ့အခါ (၆)မိနစ်လောက်နဲ့ ရေးလို့တော်တော်ကောင်းနေပါပြီ။ သည်လိုဆက်ရေးနေရင်းနဲ့ အချိန်(၁၀)မိနစ်ပြည့်သွားရင် ဘယ်နေရာပဲရောက်ရောက် ရပ်လိုက်ပါ။ ဆက်မရေးပါနဲ့။ အဲသည့်အခါ ရေးချင်တဲ့စိတ်ဟာ “ဟ…ရေးလို့ကောင်းနေတုန်းပဲလေ  မရပ်လိုက်နဲ့” ဆိုပြီး တနေကုန် ရေးချင်လွန်းလို့ တရွရွဖြစ်နေပါတယ်။ သေချာတယ် နောက်နေ့ ရေးဖို့ထိုင်လိုက်တဲ့အခါ (၃)မိနစ်တည်းနဲ့ ဈာန်ဝင်စားလာပါလိမ့်မယ်။ နောက်ရက်တွေမှာ (၁)မိနစ်၊ တဖြည်းဖြည်း နောက်ဆုံးမှာ ရေးဖို့ စားပွဲမှာထိုင်လိုက်တာနဲ့ ချက်ချင်းရေးဖို့ ဈာန်ဝင်လာမှာပါ။ ဒါက ခင်ဗျားတို့ ရောက်ရမယ့် ပန်းတိုင်ပါ။ Object Writing ဟာ အနည်ထိုင်နေတဲ့ တဘဝလုံးစာ အတွေ့အကြုံတွေ၊ ခံစားချက်တွေနဲ့ အချက်အလက်တွေကို ဖော်ထုတ်ပေးမယ့် အကောင်းဆုံး လေ့ကျင့်ခန်းဖြစ်ပါတယ်။ (၁၀)မိနစ်ဆိုတာကလည်း အားလုံးလုပ်နိုင်တဲ့ ပမာဏပဲ မဟုတ်လား?
            ဘာရေးရမယ်လို့ ကန့်သတ်ထားတာမျိုး မရှိပါဘူး။ အာရုံကခေါ်တဲ့ဆီပဲ တန်းတန်း မတ်မတ် လိုက်သွားပါ။ ဘယ်ကွေ့၊ ညာကွေ့ မလုပ်ပါနဲ့။ တခြားအကြောင်းအရာ တခုဆီကို ကူးသွားတာမျိုးလည်း မလုပ်ပါနဲ့။ သတိထားပြီး ကိုယ်ရေးတဲ့ အကြောင်းအရာ တခုတည်းကိုပဲ အာရုံစိုက်ပြီး ရေးဖို့ကြိုးစားပါ။ ရက်လေးနည်းနည်း ရလာတဲ့အခါ ရေးရတာ ပျင်းလာတတ်ပါတယ်။ “ရေပူချိုးရေ၊ ခေါင်းပေါ်ကတိမ်မည်း၊ ရေအိုင်ငယ်လေး၊ သကြားလုံး၊ သေနတ်ယမ်းငွေ့” အကြောင်းတွေကိုလည်း လေ့ကျင့်ရေးသားနိုင်ပါတယ်။ ဇာတ်လမ်း ဟုတ်ဟုတ်/ မဟုတ်ဟုတ်၊ ကာရန် ပါပါ/မပါပါ၊ ယုတ်စွအဆုံး စာကြောင်းပုံစံ မဟုတ်လည်း ရပါတယ်။ ဘယ်သူမှ နားမလည်လည်း ရတယ်။ ဒါပေမယ့် အာရုံ(၇)ပါးလုံး ပါအောင်တော့ ကြိုးစားပြီး ရေးပါ။ ဘာတခုမှ မချန်ခဲ့ပါနဲ့။ (၁၀)မိနစ်ထက်လည်း မပိုပါနဲ့။ (၁၀)မိနစ်အောက်လည်း မလျှော့ပါနဲ့။ 
            အဆက်အစပ်ရှိရှိ ဇာတ်လမ်းနဲ့ ရေးရတာပဲ ကြိုက်တယ်ဆိုရင်တော့ အရေးအသားကောင်းလာစေဖို့ (၁)ထဲက "မိုးည"လို ပုံစံမျိုး ရေးနိုင်ပါတယ်။ ဒါပေမယ့် အတင်းဖျစ်ညှစ်ပြီး ဇာတ်လမ်းဖြစ်အောင် ရေးတာမျိုးလည်း မလုပ်ပါနဲ့။ အာရုံက ခေါ်တဲ့အတိုင်း လက်ကလိုက်ပါ။ အဖြစ်အပျက်တခုကို စဉ်းစားတဲ့အခါတိုင်း အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ စသဖြင့် အာရုံတွေ အားလုံး ပေါ်လာအောင် တခုချင်းစီ စဉ်းစားပုံဖော် ရေးသားဖို့ လိုပါတယ်။ အဲသည်အခါ နားထောင်တဲ့သူကလည်း သူကြုံခဲ့ရတဲ့ ခံစားချက်တွေကို ထပ်ပေါင်းပြီးတော့ ဖြည့်စွက်ခံစားပါတယ်။ Object Writing ဟာ နားထောင်သူကို ကိုယ့်သီချင်းထဲ ဆွဲခေါ်သွားမယ့် လက်တဖက်ဆိုရင် မမှားပါဘူး။ ဒါ့ကြောင့် ကြိုးစားပြီး လေ့ကျင့်သွားကြဖို့ တိုက်တွန်းပါရစေ။ 
            Object Writing သည် အပြော မဟုတ်၊ အပြ ဖြစ်တယ်ဆိုတာကို အထူးသတိထား ရမှာပါ။ ဥပမာ “ကျွန်တော့် စကားကြောင့် သူမငိုလေပြီ”က အပြော ဖြစ်ပြီး “စကားပင်မဆုံးသေး သူ့မျက်ဝန်းတွင် မျက်ရည်များ စတင်စုဖွဲ့နေလေပြီ” က အပြ ဖြစ်ပါတယ်။ Object Writing ကို မနက်တိုင်း Workout လုပ်သလိုကို ရေးရမှာက ပျော်စရာလည်းကောင်း စိတ်လှုပ်ရှားစရာလည်း ကောင်းတဲ့ စိန်ခေါ်မှု တခုပါပဲ။ တနေ့(၁၀)မိနစ်နဲ့ အနည်းဆုံး (၆)ပတ်ဆက်တိုက် ရေးကြည့်လိုက်ရုံနဲ့ ထူးခြားမှုကို ကိုယ်တိုင်တွေ့ရမှာပါ။

လေ့ကျင့်ခန်း(၂) 

            လေ့ကျင့်ခန်း(၂)အနေနဲ့ ခေါင်းစဉ်တခုကို ရေးရမှာပါ။ အဆင်သင့်ဖြစ်ရင် Timer ကို (၁၀)မိနစ်ပေးပြီး “ရေအိုင်ငယ်လေး” အကြောင်းရေးလိုက်ပါအုံး။ အာရုံတွေအားလုံးစုံအောင်ရေးဖို့လည်း မမေ့နဲ့နော်။

အဖွဲ့လိုက်ရေးကြရအောင်

            Object Writing ကို တယောက်တည်း မဟုတ်ပဲ အဖွဲ့လိုက် အတူတူရေးရင်လည်း ကောင်းပါတယ်။ ဝါသနာတူရာ သူငယ်ချင်းတွေစုပြီး အတူတူရေးကြပေါ့။ အကြောင်းအရာ တခုတည်းအပေါ် အဖွဲ့ဝင်တွေရဲ့ တယောက်ချင်း အရေးအသားတွေကို ဖတ်ရတာ စိတ်လှုပ်ရှားဖို့ကောင်းသလို စိတ်ဝင်စားဖို့လည်း ကောင်းမှာပါ။ (၅)ယောက်ကနေ (၁၀)ယောက်ကြား အဖွဲ့ဆိုရင် (၅)မိနစ်လောက်ပဲ ရေးတာကောင်းပါတယ်။ ပြန်ဖတ်တဲ့အခါ အချိန်အကြာကြီး မစောင့်ရတော့ဘူးပေါ့။ လူနည်းတဲ့အဖွဲ့တွေတော့ (၈)မိနစ်လောက် ရေးသင့်ပါတယ်။ ထုံးစံအတိုင်း (၁၀)မိနစ်ထက်တော့ မပိုပါစေနဲ့။ သတိထားစရာ တခုက အပြင်မှာတကယ်ရှိတဲ့ အကြောင်းကိုပဲ ခေါင်းစဉ်ရွေးပါ။ “ကော်ဖီ၊ ပုန်းရည်ကြီး၊ စာကလေး၊ ထောပတ်၊ နှင်းဆီပင်၊ ဆပ်ပြာ” တို့လိုပေါ့။
Online Group လေးတခုက လေ့ကျင့်ခန်းအနေနဲ့ ရေးထားတဲ့ “ဗွက်အိုင်ငယ်” အကြောင်းကို အရေးအသား ကောင်းလာစေဖို့(၃)မှာ ဆက်ပြီးလေ့လာနိုင်ပါတယ်။

ခင်ဗျားတို့ "ဗွက်အိုင်"ကိုလည်း Comment မှာ တွေ့ပါရစေ ဘော်ဒါတို့။

No comments:

Post a Comment