ကာရန်ရဲ့ တာဝန်က ဘာလဲ???
ဒါကိုသိဖို့ ဆိုရင်တော့ ကာရန်ဆိုတာ ဘာလဲ ဆိုတာ အရင်ဦးဆုံး သိဖို့လိုပါလိမ့်မယ်။
ကာရန်ဆိုတာ "ကာရန္တ" ဆိုတဲ့ ပါဠိဘာသာစကားကနေ ဆင်းသက်လာတဲ့ အမည်ဖြစ်ပြီး အက္ခရာ၏အဆုံးသံလို့ အဓိပ္ပါယ်ရပါတယ်။ ကာရန်ယူတယ်ဆိုတာ အသံချင်းညီအောင် ယူထားတာ ဖြစ်ပါတယ်။
"က" ရဲ့ အသံသည် "အ"
"ကာ" ရဲ့ အသံသည် "အာ"
"ကား" ရဲ့ အသံသည် "အား" ဖြစ်ပါတယ်။
ကာရန်တူတွေအနေနဲ့ ဥပမာအားဖြင့်
ကာ - ခါ၊ ငါ၊ စာ၊ ဆာ၊ ညာ၊ တာ၊ ပြာ။
အက် - ကြက်၊ ခက်၊ ငှက်၊ စက်၊ ဆက်၊ တက်။
အား - ကား၊ ခါး၊ ငါး၊ စား၊ ဆား၊ သွား၊ ဒါး၊ နား။
အာ့ - က၊ ချ၊ ငါ့၊ စ၊ ဆ၊ ပွ၊ ပြ၊ မ၊ မြ။
တလုံးချင်း ကာရန်ထပ်ရုံသာမက နှစ်လုံးတွဲ၊ သုံးလုံးတွဲ၊ လေးလုံးတွဲ ကာရန်များကိုပါ
ရေးသားလေ့ကျင့် သင့်ပါတယ်။
၁။ (၁)လုံးချင်းကာရန်
တေး၊ ရေး၊ တွေး၊ မွှေး။
၂။ (၂)လုံးချင်းကာရန်
ချမ်းအေး၊ ကမ်းဘေး၊ လွမ်းဆွေး၊ ရှမ်းလေး၊
လွမ်းတေး၊ လှမ်းဝေး။
၃။ ကျိုးပေါက်၊ ကိုးပေါက်၊ စိုးကြောက်၊ ကျိုးခေါက်၊
ထိုးဖောက်၊ ပိုးပေါက်၊ ဖြိုးမောက်၊ မိုးသောက်၊
မျိုးစောင့်၊ အိုးပေါက်။
၄။ (၃)လုံးချင်းကာရန်
ကံကျွေးချ၊ ပြန်တွေးကြ၊ ကြံပေးကြ၊ ခြံဘေးက၊
ပြန်မေးရ၊ ဘဏ်ဘေးက၊ မာန်လေးကြွ။
၅။ (၄)လုံးချင်းကာရန်
ကျပ်ကျပ်တင်းတင်း၊ ခပ်ခပ်ကင်းကင်း၊
ပျက်ပျက်ယွင်းယွင်း၊ ကွက်ကွက်ကွင်းကွင်း၊
လက်လက်လင်းလင်း၊ တက်တက်ဆင်းဆင်း။
၅။ လုံးရေမတူကာရန်စပ်နည်း
သည် သီချင်းကို နားထောင်ပြီးရင် ချက်ချင်းမေ့ပစ်လိုက် အကြာကြီးလိုက်မဆိုနဲ့ (၇)လုံး
အတိတ်ကို ပြန်လှည့်ကြည့်တိုင်း အနာဟောင်းကို ခွာမိလိုက်သလိုပဲ(၆)လုံး (ကြက်ဖ)
ပထမကာရန်မှာ (အ)ရဲ့ အသံဟာ မပေါ်တဲ့အတွက်
ဒုတိယကာရန်ဖြစ်တဲ့ "ခွာမိလိုက်သလိုပဲ"နဲ့ လုံးရေမတူဘဲ ကာရန်ယူနိုင်ပါတယ်။
များများလေ့ကျင့်လေ ကာရန်ရဲ့သဘော အသံရဲ့ သဘောကို ပိုပြီးသိလေပါပဲ။ ကာရန်နိုင်လျှင် နိုင်သလို လိုသလို ဖန်တီးခွင့် ရှိပါတယ်။ ဒါပေမယ့် ရေးသားတဲ့နေရာမှာ အဓိပ္ပါယ်နောက်ကိုသာ ကာရန်က လိုက်ရမှာ ဖြစ်ပါတယ်။ ကာရန်နောက်ကို အဓိပ္ပါယ် မလိုက်အောင် သတိထားကြရမှာ ဖြစ်ပါတယ်။ အဓိပ္ပါယ်နောက်ကို ကာရန်မလိုက်ဘဲ ကာရန်နောက်ကို အဓိပ္ပါယ်လိုက်သွားခဲ့ရင် ကာရန်သာကောင်းပြီး အဓိပ္ပါယ်မပါ ဖြစ်သွားနိုင်ပါတယ်။
မြန်မာမှာ ကာရန်(၆၄)ပါးရှိပါတယ်။ သည် (၆၄)မျိုးအပြင် နောက်ထပ် ကာရန်အသစ်လည်း မရှိနိုင်တော့ပါဘူး။ နောက်ထပ် အရေးပါတာ တခုက ကာရန်ရဲ့ အသံပဲ ဖြစ်ပါတယ်။ ကာရန်ချင်း ထပ်တူ ညီညွတ်အောင် ရေးသားနိုင်ပေမယ် အသံအနေအထား မမှန်ရင် ရွတ်တဲ့နေရာမှာ အဆင်မပြေပဲ စည်းဝါးမကိုက် ဖြစ်တတ်ပါတယ်။ အသံကို မူတည်ပြီး ကာရန် (၆၄)ပါးကို “တက်သံ၊ သက်သံ၊ နိမ့်သံ၊ တိုင်သံ”ဆိုပြီး (၄)မျိုး ခွဲနိုင်ပါတယ်။
- (က) သရကို သံရှည်ဆွဲလိုက်တဲ့အခါ အသံဟာ အပေါ်ကို မြင့်တက်သွားပြီး (ကာ)လို့ အသံထွက်လာပါတယ်။
- (ကာ)ကို ဝစ္စပေါက်တလုံး (သို့) အောက်မြစ်တလုံး ထည့်လိုက်ရင် အသံဟာ အောက်ကို သက်သွားပြီး (က)(ကာ့)လို့ အသံထွက်ပါတယ်။
- မြင့်နေတဲ့အသံ (ကာ)ကို ဝစ္စပေါက် ထည့်ပေးလိုက်ရင် ပြင်းပြီးနိမ့်တဲ့အသံ (ကား) ဆိုပြီး ဖြစ်လာပါတယ်။ ပြန်ပြီးတော့ အသေးစိတ်ခွဲရရင်-
၁။ တက်သံ(ဂရုသံ) (ဝစ္စပေါက်နှင့်အောက်မြစ်မပါသောအသံ)(၁၈)လုံး
ဆွဲဆွဲငင်ငင် ပြင်းပြင်းပြပြ ရှည်ရှည်လျားလျား မြည်မြည်ဟိန်းဟိန်း ခြိမ်းခြိမ်းချောက်ချောက် ရွတ်ရတဲ့ "တက်သံ" ဖြစ်ပါတယ်
အာ အီ အူ၊ အေ အဲ အော်၊
အင် အောင် အိုင်၊ အည် အဉ်၊
အန် အိန် အုန်၊ အမ် အိမ် အုမ်၊ အို။
၂။ သက်သံ(လဟုသံ)(အောက်မြစ်ပါသောအသံ)(၁၈)လုံး
မမြင့် မပင့် မမျှော မဆွဲပဲနှင့် တက်သံကဲ့သို့လည်း အားမထုတ်ရပဲ ရွရွကလေးနှင့် သာသာဖြေးဖြေး ရွတ်ရတဲ့"သက်သံ" ဖြစ်ပါတယ်
အ အိ ဥ၊ အေ့ အဲ့ အော့၊
အင့် အောင့် အိုင့် အည့် အဉ့်၊
အန့် အိန့် အုန့် အမ့် အိမ့် အုမ့်၊ အို့။
၃။ နိမ့်သံ(လဟုသံ)(ဝစ္စပေါက်ပါသောအသံ)(၁၈)လုံး
တက်သံကို ဝစ္စပေါက်ထားလိုက်သဖြင့် တိုတိုတောင်းတောင်း ပြတ်ပြတ်ကင်းကင်း တင်းတင်းမာမာနှင့် အသံရှည်ကိုလည်း မစွန့်လွှတ်ပဲ ရွတ်ရတဲ့ "နိမ့်သံ" ဖြစ်ပါတယ်။
အား အီး ဦး အေး အဲး အေား အင်း
အောင်း အိုင်း၊ အည်း အဉ်း၊ အန်း အိန်း အုန်း၊
အမ်း အိမ်း အုမ်း၊ အိုး။
၄။ တိုင်သံ(လဟုသံ)(က/စ/တ/ပ အသတ်ပါသော သံဖြတ်/သံရပ်)(၁၀)လုံး
နှိမ့်၍ မြှင့်၍ မရသော သံချပ်-သံဖြတ်ဖြစ်၍ တက်သံနဲ့ နိမ့်သံကြားကနေ ရွတ်ဆိုရတဲ့ "တိုင်သံ" ဖြစ်ပါတယ်
အက် အောက် အိုက်၊ အစ်၊
အတ် အိတ် အုတ် အပ်
အိပ် အုပ်။
အသံ (၄) မျိုး |
မြန်မာကာရန် (၆၄) ပါး |
ကာရန်၏အလုပ်တာဝန်
Rap သီချင်းတွေမှာ ကာရန်ဟာ တော်တော် အရေးကြီးပါတယ်။ ကာရန်မပါရင် Rap သီချင်း မဟုတ် လို့တောင် ပြောလို့ရပါတယ်။ ဒါ့ကြောင့် ကာရန်က ဘာအလုပ်ကို လုပ်ပေးသလဲ? ဘယ်တာဝန်တွေကို ထမ်းဆောင်သလဲ? ဆိုတာကို သိထားဖို့လိုပါတယ်။ ကာရန်ရဲ့ အလုပ်၊ ကာရန်ရဲ့ တာဝန်ကို သိမှ ကာရန်ကို ကောင်းကောင်း အသုံးချတတ်မှာပါ။
မှတ်ချက်။ သည် ကာရန်၏တာဝန်သည် ဘယ်နိုင်ငံခြား References တွေမှာမှ မတွေ့ဖူးသေးပါဘူး။ ရှိလျှင်လည်း ရှိနိုင်ပါတယ်။ ဆရာမြဇင်ရဲ့ စာအုပ်ထဲကနေတွေ့ပြီး အတွေးပေါက်တာကို ရေးပြတာ ဖြစ်ပါတယ်။ မှန်/မမှန်တော့ ကိုယ့်ဘာသာကိုယ်ဆန်းစစ်ကြဖို့ပဲ ဖြစ်ပါတယ်။ သိသူများကလည်း ကျွန်တော့် ယူဆချက် မှားနေရင် ဝေဖန်ထောက်ပြ ပေးကြပါဦး။
၁။ အသံစီးဆင်းပုံတာဝန်
ပထမတာဝန်မှာ အသံစီးဆင်းပုံ(နရီ)ကို ကောက်ဖို့ ဖြစ်ပါတယ်။ နရီအကြောင်းကို နောက်မှ အသေးစိတ် ရေးပါ့မယ်။
၂။ အချက်ပြတာဝန်
ကာရန်သည် နောက်ထပ် ဘယ်လို အသံမျိုး လာစရာ ရှိတယ်ဆိုတာကို အချက်ပြပေးပါတယ်။
ပန်းတွေက ကမ်းခြေမဲ့စွာ စမ်းရေထဲမှာ မြောပါနေဆဲ/
ငါကလည်း ဝမ်းတွေနည်းကာ အိပ်ရာထဲမှာ ရောဂါတွေနဲ့
သည်နေရာမှာ ပထမဘားဆုံးက “မြောပါနေဆဲ” ဆိုတဲ့ ကာရန်က အချက်ပြပေးထားတဲ့အတွက် နောက်တဘားမှာ ဘယ်လိုကာရန်မျိုး လာမလဲ ဆိုပြီး မျှော်လင့်ချက်ကို နှိုးဆွပေးထားပါတယ်။ ပထမဘားက နှိုးဆွပေးတဲ့ အသံမျှော်လင့်ချက်ကို ဒုတိယဘားက ဖြည့်ဆည်းပေးတဲ့အတွက် နားထောင်သူကို စိတ်ကျေနပ်မှုရစေပါတယ်။
၃။ အနက်ဖော်ထုတ်မှုတာဝန်
ကာရန်ဟာ သူကျရောက်နေတဲ့ စကားလုံးကို ရှေ့တန်းတင်ပြီး ကာရန်မကျရောက်တဲ့ စကားလုံးတွေကို သာမန်ပဲထားပါတယ်။ ဒါကြောင့် စကားလုံး ရွေးချယ်ရာမှာ ကာရန်မိရင်ပြီးရော မရွေးသင့်ပါဘူး။ ကာရန်ယူတဲ့ စကားလုံးဟာ အရေးပါတဲ့အတွက် ကိုယ်သုံးမယ့်ကာရန်ကို ဂရုပြု ရွေးချယ်ဖို့ လိုပါတယ်။ ကာရန်ဟာ အိမ်ဖြည့်စကားလုံး မဟုတ်ပါဘူး။ ကာရန်ဟာ တပိုဒ်လုံးအတွက် ငြမ်းလည်း ဖြစ်ပါတယ်။ တခြားစကားလုံးတွေကို ဝှက်ထားပြီး ကာရန်တွေကိုချည်း ဖော်ထားဦးတော့ အဓိပ္ပါယ်ပေါ်နေရမှာ ဖြစ်ပါတယ်။
သည်လောက်ဆိုရင်တော့ ကာရန်နဲ့ ကာရန်ရဲ့ တာဝန်ကို သိလောက်ပြီလို့ ထင်ပါတယ်။
အာလုံးပဲ အဆင်ပြေ ချောမွေ့ကြပါစေ။
#howtorapmyanmar
Thz u bro❣️
ReplyDeleteRap သီချင်းစပ်နည်းလေးပြောပြပါ ကျွန်တော်ကို
ReplyDelete