အရေးအသားစွမ်းရည်ဟာ ဟိုးစိတ်အတွင်းပိုင်းမှာ
ငုပ်လျှိုးနေတဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ရပ် ဖြစ်ပါသည်။ အရေးအသားကောင်းသူ တစ်ယောက်
ဖြစ်ဖို့ဆိုရင်တော့ ကိုယ့်စိတ်ရဲ့ အတွင်းပိုင်းမှာ ငုပ်လျှိုးနေတဲ့ ဗီဇကို
ရှာဖွေတူးဖော်နိုင်ဖို့ လိုပါတယ်။ သေချာတာကတော့ မင်းဟာ ဘယ်သူနဲ့မှ
ယှဉ်လို့မရအောင်တော်တဲ့ ပြိုင်ဘက်ကင်း တစ်ယောက် ဖြစ်တယ် ဆိုတာကို မမေ့ပါနဲ့။
ကျွန်တော်တို့ တစ်တွေဟာ တစ်ဘဝလုံးစာ တွေ့ကြုံခဲ့ရတဲ့ ခံစားချက်တွေနဲ့
အတွေ့အကြုံတွေကို စိတ်ရဲ့အတွင်းပိုင်း တစ်နေရာမှာ သိုမှီးထားတတ် ကြပါတယ်။
မတော်တဆဖြစ်စေ၊ မှတ်မှတ်သားသားဖြစ်စေ ခင်ဗျားတို့၊ ကျွန်တော်တို့ ခေါင်းထဲမှာ
ရောက်ရှိလာတဲ့ တစ်ဘဝလုံးစာ အကြောင်းအရာ၊ အဖြစ်အပျက်ပေါင်း မြောက်မြားစွားဟာ
စိတ်ကူးသမုဒ္ဒရာကြီးရဲ့ ကြမ်းပြင်ထဲမှာ နှစ်ရှည်လများ နစ်မြုပ်နေကြပါတယ်။ သည်တော့
စိတ်ကူးသမုဒ္ဒရာ ကြမ်းပြင်အောက်ထိ ကျွန်တော်တို့ ငုပ်လျှိုးပြီး အဖိုးတန်
အတွေးအပိုင်းအစလေးတွေကို ဆယ်ယူကြမယ်။ အကြောင်းအရာ တစ်ခုကို ရှာတွေ့ပြီဆိုရင်တော့
ရေပေါ်ကို ပျော်ပျော်ကြီး ပြန်တက်လာလို့ ရပါပီ။ ပြီးရင်တော့ ရလာတဲ့
အပိုင်းအစလေးကို ဆုဖလားတစ်ခုလို ကိုင်မြှောက်ပြီး အောင်ပွဲခံလိုက်ကြရအောင်။
သီချင်းရေးတယ်ဆိုတာ မွေးရာပါ ပါရမီမဟုတ်ပါဘူး။ စနစ်တကျ
လေ့ကျင့်ဖို့လိုတဲ့ အလေ့အကျင့် တစ်ခုလည်းပဲ ဖြစ်ပါတယ်။ လေ့ကျင့်သားပြည့်ဝလာတဲ့အခါ
အရည်အချင်း တိုးတက်လာပြီး ကိုယ့်အိုင်ဒီယာတွေကို ကောင်းကောင်းကြီး ဖော်ထုတ်
ရေးသားတင်ပြ တတ်လာမှာပါ။ သီချင်းရေးသားတဲ့ နည်းလမ်းတွေဖြစ်တဲ့ ကာရန်တွေ၊ နရီတွေ
စည်းချက်တွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်ဖို့ကိုတော့ အချိန်ပေးပြီး လေ့ကျင့်သွားမှ ရမှာ
ဖြစ်ပါတယ်။ ရေးသားခြင်းအပိုင်းရဲ့ အရေးအကြီးဆုံးနဲ့ အခြေခံ အကျဆုံး
လေ့ကျင့်ခန်းဖြစ်တဲ့ ObjectWriting အကြောင်းကို လေ့လာကြရအောင်။
Object Writing
Object Writing ကတော့ ရေးသားလေ့ကျင့်ဖို့ အလွယ်ဆုံးနဲ့ အထိရောက်ဆုံး
နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ စိတ်ကူးထဲ ပေါ်လာတဲ့ အကြောင်းအရာတခု ဒါမှမဟုတ် အရာဝတ္ထုတခုကို ရွေးချယ်ပါ။
ရွေးထားတဲ့ အရာဝတ္ထုအပေါ် အာရုံစိုက်ပြီး အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ စတဲ့
အာရုံ(၅)မျိုးလုံးပေါ်အောင်
ရေးသားရမှာပါ။ ဥပမာ - အခန်းတစ်ခန်းအကြောင်းကို ရေးမယ်ပဲ ဆိုကြပါစို့။ မြင်ရတဲ့
မြင်ကွင်းတစ်ခုတည်းကိုပဲ အားပြုဖော်ပြနေလို့ မရပါဘူး။ အာရုံငါးပါးလုံး ပါဝင်လာအောင်
အချိန်အနည်းငယ်ပေးပြီး စဉ်းစားကြည့်ဖို့လိုပါတယ်။
ဘယ်လိုအခန်းလဲ? အခန်းကိုမြင်ရတဲ့ မြင်ကွင်း(အဆင်း)၊ မီးဖိုပေါ်ကနေ ဘာအနံ့ ရနေသလဲ?
(အနံ့)၊ ခြုံထားတဲ့စောင်ရဲ့ အထိအတွေ့က ဘယ်လိုလဲ?
(အထိအတွေ့)၊ အခန်းထဲကနေ ဘာသံတွေထွက်ပေါ်နေလဲ?
(အသံ)၊ အခန်းက ဘယ်လောက် ကြီးသလဲ? နှစ်ဆလား? သုံးဆလား? စားပွဲကို လျှာနဲ့လျှက်ကြည့်ရင် ဘာအရသာလဲ?
(အလကား စတာပါ)
အာရုံတွေအများကြီး ထည့်ပေါင်းနိုင်လေလေ ကိုယ့်စာသားက
ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလေလေပါပဲ။
သည်အာရုံ(၅)ပါးလုံးရေးသားပြီးတဲ့အခါမှာ ထပ်ပေါင်းရမှာကတော့-
- Organic sense
- Kinesthetic sense တို့ပဲ ဖြစ်ပါတယ်။
Organic
sense - ကိုယ်အတွင်းပိုင်းက
ခံစားမှုတွေကို ထပ်ပေါင်းရမှာပါ။ ကိုယ့်ရဲ့ နှလုံးခုန်သံ/
နှလုံးခုန်နှုန်း၊ သွေးခုန်နှုန်း၊ ကြွက်သားတောင့်တင်းမှု၊
ပြေလျော့မှုတွေ၊ ဗိုက်ထဲက ခံစားချက်တွေ၊ အသက်ရှူသံ/ အသက်ရှူနှုန်းတွေပါပဲ။ သတိထားပြီး ပေါင်းစပ်ရေးသားရမှာ
ဖြစ်ပါတယ်။
Kinesthetic sense - ပတ်ဝန်းကျင် အခြေအနေတွေကိုလည် ထည့်ပေါင်းထားရမှာ ဖြစ်ပါတယ်။
အရက်သောက်ထားတဲ့အခါ ဒါမှမဟုတ် ခေါင်းမူးတဲ့အခါမှာ ပတ်ဝန်းကျင် တစ်ခုလုံး
ဝေဝါးနေတာမျိုး၊ ရပ်ထားတဲ့ ရထားပေါ်မှာ ထိုင်နေတုန်း ဘေးက ရထား ဖြတ်သွားတဲ့အခါ
ဖြစ်လာတဲ့ ခံစားချက်တွေ၊ ဒိုင်ဗင်သမားတစ်ယောက် ဒိုင်ဗင်ထိုးခါနီး ရေထဲကို
ကြည့်တဲ့အခါ ဖြစ်လာသလိုမျိုးတွေ၊ စင်ပေါ်မှာ စကားပြောတဲ့ အခါ ပရိသတ်ကို ကြည့်ရင်း
ဒယိမ်းဒယိုင် ဖြစ်လာတာတွေဟာ သည်ထဲမှာ ပါဝင်ပါတယ်။
လေ့ကျင့်ခန်း(၁)
- အကြောင်းအရာတစ်ခုကို ရွေးချယ်ပါ။
- ၎င်း အကြောင်းအရာကို ရေးပါ။
- အာရုံငါးပါးလုံး ပါဝင်ပါစေ။
လွတ်လွတ်လပ်လပ်ရေးပါ။ ကာရန်တွေ မလိုဘူး။ ရစ်သမ်တွေ မလိုဘူး။
စာကြောင်း ဖြစ်စရာမလိုဘူး။ သည် အာရုံ (၇)ပါးလုံး ပါအောင် ရေးပါ။ အမြင်၊ အကြား၊ အနံ့၊ အရသာ၊
အထိအတွေ့၊ ခန္ဓာကိုယ်ခံစားချက်နဲ့ ပတ်ဝန်းကျင်တွေပါအောင် ရေးပေးပါ။
“မိုးည”
"ကလောင်""ကလောင်"
မြည်နေသော ခလောက်သံနောက်မှာ ကပ်ပါလာသည့် ခွေးဟောင်သံကြောင့် ပျံ့လွင့်နေဆဲ အတွေးစက
တုံ့ခနဲ ရပ်တန့်သွားပြီး သတိက ဖျတ်ခနဲ ခေါင်းထောင်လာသည်။ ဖင်စီခံနား ရောက်နေပြီ
ဖြစ်တဲ့ သောက်နေဆဲဆေးပေါ့လိပ်တိုကို နောက်ဆုံးတကြိမ် အားရပါးရ
ရှိုက်ဖွာပြီး မီးကိုသတ်လိုက်သည်။ တရိပ်ရိပ်တက်လာသော
မိုးသားများကြောင့် ပတ်ဝန်းကျင် တစ်ခွင်လုံး မည်းမှောင်လျှက်ရှိပြီး
ရှေ့ကိုက်(၅၀)ခန့်ကိုပင် သဲသဲကွဲကွဲ မမြင်ရချေ။ ဝေါခနဲ တိုက်ခတ်သွားသော လေနှင့်အတူ
မိုးပေါက်လေးများပါ ရော၍ပါလာသည်။ မိုးပေါက်များ မြေပြင်ပေါ်သို့ ကျသည်နှင့်
တပြိုင်နက် ခပ်သင်းသင်း မြေသင်းနံ့ကိုလည်း ရသည်။ မရွာပါစေနဲ့လို့ ဆုတောင်းလည်း
မပြည့်မယ့်အတူတူ "ရွာကွာ အသားကုန်ရွာ" လို့ စိတ်ထဲက ရေရွတ်လိုက်မိသည်။
ကိုယ့်အသံကို ကြားသည်ထင့် မိုးသည် တဖြည်းဖြည်း ပို၍ ပို၍ သည်းလာချေပြီ။
ခေါင်းပေါ်တွင် ဆောင်းထားသော ဦးထုပ်သည်လည်းကောင်း၊ ခြုံထားသော ပလပ်စတစ်စသည်လည်းကောင်း
တတ်နိုင်သမျှအားလေးနှင့် မိုးဒဏ်ကို ကာကွယ်ပေးနေရှာသည်။ မိုးစက်မိုးပေါက် တို့သည်
အငြိုးတကြီးနှင့် ပြိုကြလာသည်။ မိုးရေကြောင့် စိုရွဲနေသော ဦးထုပ်သည်
ခေါင်းပေါ်တွင် အအေးခဲတစ်ခုကို ပတ်ထားရသလို အေးစက် လေးလံလှသည်။ အကာကွယ်မဲ့နေသော
မျက်နှာကို လာမှန်သည့် အေးစက်စက် မိုးစက်ကလေးများသည် တစတစ စုစည်းများပြားလာပြီး
နားသယ်စပ်မှတဆင့် မေးစေ့ကို ဖြတ်ပြီး မြေကြီးပေါ်သို့ တတောက်တောက် စီးကျနေသည်။
မိုး၏ အအေးဓါတ်သည် ပလပ်စတစ်ခြုံထည်ကို ဖောက်ပြီး ကျောပြင်ပေါ်သို့ ကျရောက်လျှက်
ရှိသည်။ ရွဲစိုနေသည့် မိုးရေများကြောင့် ခြေဖျား လက်ဖျားများ အေးစက်လာပြီး
တဖြည်းဖြည်း တစ်ကိုယ်လုံး တုန်ရီလာချေပြီ။ အအေးဒဏ် သက်သာလို သက်သာငြား
ခန္ဓာကိုယ်ကိုကျုံ့ပြီး သေနတ်ကိုင်ထားသည့် လက်နှစ်ဖက်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းထားမိသည်။
ကမ္ဘာပျက်ကြီးထဲ တစ်ယောက်တည်း ရောက်နေသလိုမျိုး ခံစားနေရတာထက် ရုပ်နာမ်ခန္ဓာ
တစ်ခုလုံး သည်နေရာကနေ ဖြတ်ခနဲ ပျောက်ကွယ် သွားချင်သည်။
မြင်ကွင်း။ တရိပ်ရိပ်တက်လာသော မိုးသားများကြောင့် ပတ်ဝန်းကျင်
တစ်ခွင်လုံး မည်းမှောင်လျှက်ရှိပြီး ရှေ့ကိုက်(၅၀)ခန့်ကိုပင် သဲသဲကွဲကွဲ
မမြင်ရချေ။
အသံ။ "ကလောင်" "ကလောင်"
မြည်နေသော ခလောက်သံနောက်တွင် ကပ်ပါလာသည့် ခွေးဟောင်သံကြောင့် ပျံ့လွင့်နေဆဲ
အတွေးစက တုံ့ခနဲ ရပ်တန့်သွားပြီး သတိက ဖျတ်ခနဲ ခေါင်းထောင်လာသည်။ ဝေါခနဲ
တိုက်ခတ်သွားသော လေနှင့်အတူ မိုးပေါက်လေးများပါ ရော၍ပါလာသည်။
အနံ့။ မိုးပေါက်များ မြေပြင်ပေါ်သို့ ကျသည်နှင့် တပြိုင်နက်
ခပ်သင်းသင်း မြေသင်းနံ့ကိုလည်း ရသည်။
အရသာ။ ဖင်စီခံနား ရောက်နေပြီ ဖြစ်တဲ့ သောက်နေဆဲဆေးပေါ့လိပ်တိုကို
နောက်ဆုံးတကြိမ် အားရပါးရ ရှိုက်ဖွာပြီး မီးကိုသတ်လိုက်သည်။
အထိအတွေ့။ မိုးရေကြောင့် စိုရွဲနေသော ဦးထုပ်သည် ခေါင်းပေါ်တွင် အအေးခဲတစ်ခုကို
ပတ်ထားရသလို အေးစက် လေးလံလှသည်။ အကာကွယ်မဲ့နေသော မျက်နှာကို လာမှန်သည့် အေးစက်စက်
မိုးစက်ကလေးများသည် တစတစ စုစည်းများပြားလာပြီး နားသယ်စပ်မှတဆင့် မေးစေ့ကို
ဖြတ်ပြီး မြေကြီးပေါ်သို့ တတောက်တောက် စီးကျနေသည်။ မိုး၏ အအေးဓါတ်သည်
ပလပ်စတစ်ခြုံထည်ကို ဖောက်ပြီး ကျောပြင်ပေါ်သို့ ကျရောက်လျှက် ရှိသည်။
Organic sense။ ရွဲစိုနေသည့် မိုးရေများကြောင့် ခြေဖျား လက်ဖျားများ အေးစက်လာပြီး တဖြည်းဖြည်း
တစ်ကိုယ်လုံး တုန်ရီလာချေပြီ။ အအေးဒဏ် သက်သာလို သက်သာငြား ခန္ဓာကိုယ်ကိုကျုံ့ပြီး သေနတ်ကိုင်ထားသည့် လက်နှစ်ဖက်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းထားမိသည်။
Kinesthetic
sense။ ကမ္ဘာပျက်ကြီးထဲ တစ်ယောက်တည်း ရောက်နေသလိုမျိုး
ခံစားနေရတာထက် ရုပ်နာမ်ခန္ဓာ တစ်ခုလုံး သည်နေရာကနေ ဖြတ်ခနဲ ပျောက်ကွယ်
သွားချင်သည်။
သည်လို
“မိုးည” အတွေ့အကြုံမျိုး အတိအကျ
ခံစားတွေ့ကြုံဖူးမှာ မဟုတ်ပေမယ့် ဘယ်သူမဆို ခံစားနားလည်ပေးလို့ ရပါတယ်။ စာရေးသူရဲ့
အတွေ့အကြုံနဲ့ အာရုံတွေက ခင်ဗျားတို့ရဲ့ ခံစားချက်တွေကို တဖြည်းဖြည်း လှုံ့ဆော်ပေးသွားတာပါ။ Object Writing က မင်းတို့ရဲ့
ခံစားချက်တွေနဲ့ အမှတ်တရဖြစ်ရပ်တွေ တစိမ့်စိမ့်ထွက်လာအောင် ကူညီပေးပါလိမ့်မယ်။
အားလုံးပဲတူတူလေ့ကျင့်ကြပါစို့…….
No comments:
Post a Comment